မင်္ဂလာပါ

မင်္ဂလာပါ

Wednesday, 27 February 2013

၂။ အာရမ္မဏပစ္စ္စယော

    ၂။ အာရမ္မဏပစ္စ္စယော


၂။ အာရမ္မဏပစ္စယော။
••••••••••••••••••••
အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူ ပေးသကဲ့သို့ . .
• အဆင်း (ရူပါရုံ)၊
• အသံ (သဒ္ဓါရုံ)၊
• အနံ့ (ဂန္ဓာရုံ)၊
• အရသာ (ရသာရုံ)၊
• အတွေ့အထိ (ဖောဋ္ဌဗ္ဗာရုံ)၊
• စိတ်ခံစားမှု (ဓမ္မာရုံ) ဟူသော အာရုံခြောက်ပါးတို့သည် ..

ကုသိုလ်, အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )



Photo Credit to

၁။ဟေတုပစ္စယော

                                                
                         ၁။ဟေတုပစ္စယော
 
 
၁။ ဟေတုပစ္စယော။
•••••••••••••••••
ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ညောင်ပင်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ . .
...
• လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊

• ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊

• မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်း
ရှိသော မောဟ၊

• လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊

• နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊အမျက်ထွက်ခြင်း
မရှိသော အဒေါသ၊

• ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှားသံသယများဖြင့်
ငိုက်မြည်းတွေဝေးခြင်း မရှိသော အမောဟ တရားတို့သည် ..

စိတ်၊စေတသိတ်တရားတို့အား အလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့်
ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။

( ဒေါက်တာအရှင်ကောဝိဒစာရ )

 
Photo Credit to

 
 










































နေထွက်နေ၀င် ကိုးဂုဏ်ရှင်


~ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်~

နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်....၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်...။

... မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင် ၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်၊
ပြိုင်မဲ့အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။

ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင် ၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ၊ ကရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ ”

(မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော် အရှင်ဝိသုဒ္ဓါဘိဝံသ )

ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း

 
“ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း”

ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကေ...ာင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာငါးမျိုး ကွဲပြားလိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။အဲဒီ ဗုဒ္ဓဘာသာငါးမျိုးကတော့

(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလဗုဒ္ဓဘာသာ (မိရိုးဖလာဗုဒ္ဓဘာသာ) ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်းခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ။် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရား ဟောမှန်းလည်းမသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင် ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ် မီးကွင်းတယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။ အရောင်းအ၀ယ်တစ်ခု လုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်မနှဲလေး အစရှိတွေ နတ်တွေ…နတ်တွေ… ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃) ဘယဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ) ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက် ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစ္စလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊ လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီးအကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကိုအောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာ အသိ၊ ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေကလိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော် ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ကြပါဗျာ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီးနှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန် ယုံကြည်ချက်ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေလွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ယုံကြည်ချက်ဟာ မှန်သောယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ် ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာာရဲ့ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကိုယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီးကိုးကွယ် ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်။ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကိုရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာကမြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန်ကန်ကန်နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာဝင်တွေပါ။
 
 Credit to Orginal Writer &
အေးချမ်းမွန်မှ နှလုံးသားအာဟာရ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
See More

Sunday, 27 January 2013

"စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း"

"စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း"
•••••••••••••••••••••••••••••••••••••••••••••••••
စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏အကြောင်းတို့ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။။

ရဟန်းတို့-

၁။ ပျောက်သွားသော ပစ္စည်းဥစ္စာကို မရှာဖွေခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ရှာဖွေခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ပြုပြင်ခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၃။ အတိုင်းအရှည်မသိ သုံးစွဲစားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
အတိုင်းအရှည်သိကာ သုံးစွဲ စားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၎။ သီလမရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
သီလရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။ ဟု ဟောကြားတော်မူခဲ့ပါသည်။ ( အံ-၁၊ ၅၇၂ )

----------------------*----------------------
★၁။ ခရီးသွားရင်း ပစ္စည်းပျောက်ခဲ့သော် အချိန်မီ ချက်ချင်း ပြန်လည်မရှာဖွေပါက အခြားခရီးသည်များ ကောက်ယူ ရရှိသွားတတ်ပေသည်၊ အချိန်မီ ပြန်ရှာပါက ပြန်လည်ရရှိလာတတ်ပေသည်၊ မိမိတို့အိမ်တွင် အထားမှား၍ ပစ္စည်းပျောက်ရာ၌ အချိန်မီမရှာဖွေဘဲ နေပါက ကြာလေမေ့လေဖြစ်၍ အပြီးတိုင် ပျောက်ဆုံးသွားတတ်ပေသည်။
အိမ်သူအိမ်သားများ အားလုံးကို အသိပေး၍ ရှာဖွေပါက ပြန်လည်ရရှိလာတတ်ပေသည်၊။ အချို့သောသူတို့သည် ပစ္စည်းပျောက် ရှာဖွေရာတွင် မှန်းဆ တွေးသိဉာဏ် အလွန်ပင်ကောင်းကြပေသည်၊ မရနိုင်တော့ပြီဟု ဆုံးဖြတ်ထားသော ပစ္စည်းများကိုပင် ပြန်လည်ရှာဖွေရရှိလာတတ်ကြပေသည်။

★၂။ မိမိတို့အိမ် အစရှိသော အဆောက်အအုံများနှင့် အသုံးအဆောင် ပရိဘောဂများ ဆွေးမြည့် ယိုယွင်းလာသောအခါ အချိန်မီ မပြုပြင်ပါက မဆုံးရှုံးသင့်သော တန်ဖိုးများ ဆုံးရှုံးသွားကြရပေသည်။
အချိန်မီပြုပြင်ပါက အရှည်တည်တံ့ ကောင်းမွန်လာတတ်ကြပေသည်။

ဥပမာ-ကုလားထိုင်,ကုတင်, ထမင်းစားပွဲ စသည်များ၏ ခြေထောက်တချောင်း ယိုယွင်းလာသောအခါ မပြုပြင်ဘဲ ဆက်လက်အသုံးပြုနေပါက ကျန်ခြေထောက်သုံးချောင်းပါ တဖြည်းဖြည်း ယိုယွင်းလာ၍ သုံးလို့မရအောင် ပျက်စီးယိုယွင်း သွားတတ်ကြပေသည်။ ယိုယွင်းလာသော ခြေထောက်တချောင်းကို အချိန်မီ ပြုပြင်လိုက်ပါက ကြာရှည်စွာအသုံးပြု၍ ရလာတတ်ကြပေသည်။
အမြို့မြို့ အနယ်နယ်တို့၌ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ကြရာတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောက်လုပ်ကြပေသည်၊ သို့ပါသော်လည်း အဆောက်အအုံများ ယိုယွင်းလာသောအခါ ပြန်လည်ပြုပြင်ရေး၌ စိတ်အားထက်သန်မှု မရှိကြသဖြင့် မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ကြပေသည်၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရပေသည်၊ သို့ဖြစ်၍ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကိုလည်း အထူးသတိပြုသင့်ကြပေသည်၊ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကို မြတ်စွာဘုရားက အလွန်နှစ်သက်တော်မူ၍ ချီးမွမ်းတော်မူပါသည်။

★၃။ စားဝတ်နေရေးတို့၌ ၀င်ငွေ ထွက်ငွေ အတိုင်းအရှည်ကို မသိပါဘဲ ကောင်းနိုးရာရာများကိုသာ မှီဝဲ သုံးဆောင်နေခြင်းသည် ၀င်ငွေ ထွက်ငွေ မမျှတသောကြောင့် စီးပွားဥစ္စာများ ကြာရှည်မတည်၊ မကြာမီ ပျက်စီးသွားတတ်ကြပေသည်။

အတိုင်းအရှည်သိကာ မှီဝဲသုံးဆောင်ခြင်းသည် ၀င်ငွေထွက်ငွေ မျှတသောကြောင့် စီးပွားဥစ္စာ ကြာမြင့်စွာတည်နိုင်ကြပေသည်။

အတိုင်းအရှည်သိကာ သုံးဆောင်ဖို့ရာမှာ ရှာဖွေရရှိလာသော ပစ္စညးဥစ္စာများကို ၄-ပုံ ပုံရပါမည်။
၁။ တပုံကို မိဘများ, သားသမီးများ, မိတ်ဆွေသင်္ဂဟများ, အလှူခံများနှင့် ခွဲဝေ သုံးဆောင်ရပါမည်။
၂။ နှစ်ပုံကို အလုပ်အကိုင် အရင်းအနှီးထဲသို့ ပြန်ထည့်သုံးရပါမည်။
၃။ တပုံကို ဘေးရန်အန္တရာယ်များ ကျရောက်လာသောအခါ ကာကွယ်ဖို့ရာ မြှုပ်နှံသိမ်းဆည်းထားကြရပါမည်။

ဤကဲ့သို့ ၄-ပုံ ပုံ၍ ခွဲဝေသုံးဆောင်ခြင်းသည် မြတ်စွာဘုရား တရားတော်အရ အတိုင်းအရှည်သိကာ သုံးဆောင်ခြင်း ဖြစ်သောကြောင့် စီးပွားဥစ္စာ ကြာမြင့်စွာတည်ခြင်း၏ အကြောင်း ဖြစ်ပေသည်။

★၄။ အကြီးအကဲဖြစ်သူသည် သီလပျက်နေသူ ဖြစ်ခဲ့သော် နောက်လိုက်ဖြစ်ကြသော သားသမီးများ, လက်အောက်ငယ်သားများပါ သီလပျက်လာတတ်ကြပေသည်၊ သီလပျက်သူတို့ စုပေါင်းနေထိုင်ကြသော အိုးအိမ်များနှင့် မြို့နယ် ရပ်ရွာ ဌာနအသီးသီးတို့သည် စီးပွားဥစ္စာ ကြာမြင့်စွာမတည်နိုင်သည့်အပြင် လောကဓမ္မ နှစ်ဌာနလုံးတို့၌ ဆုတ်ယုတ်သွားကြမည်သာ ဖြစ်ပေသည်။

အကြီးအကဲဖြစ်သူတို့သည် သီလရှိသူဖြစ်ခဲ့သော် မြစ်တဘက်သို့ ကူးကြကုန်သော နွားအပေါင်းတို့တွင် ရှေ့ဆောင်နွားများက ဖြောင့်ဖြောင့်ကူးသွားသည်ရှိသော် နောက်လိုက်နွားများ ဖြောင့်ဖြောင့်လိုက်ကာ ကူးကြသကဲ့သို့ နောက်လိုက်ဖြစ်ကြသော သားသမီးများ, လက်အောက်ငယ်သားများတို့သည် အတူလိုက်ကာ သီလရှိသူများ ဖြစ်လာတတ်ကြပေသည်၊ သီလရှိသူတို့ စုပေါင်း၍ နေထိုင်ကြသော အိုးအိမ်များနှင့် မြို့နယ်, ရပ်ရွာ, ဌာနအသီးသီးတို့သည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်နိုင်ကြသည့်အပြင် လောကဓမ္မ နှစ်ဌာနလုံး၌ တိုးတက်ကြီးပွား ချမ်းသာကြမည်သာ ဖြစ်ပေသည်။

သို့ဖြစ်၍-
၁။ ပျောက်သည်ကို မရှာခြင်း။
၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်း။
၃။ အတိုင်းအရှည်မသိ စားသုံးခြင်း။
၎။ သီလမရှိသူကို အကြီးအကဲနေရာ၌ ထားခြင်း။ ဟူသော အကြောင်းတရား ၄-ပါးကို ရှောင်ကြဉ်ကြရမည် ဖြစ်ပေသည်။

၁။ ပျောက်သည်ကို ရှာခြင်း။
၂။ ဆွေးမြည့်ယိုယွင်းသည်ကို ပြုပြင်ခြင်း။
၃။ အတိုင်းအရှည်သိကာ သုံးဆောင်ခြင်း။
၎။ သီလရှိသူကို အကြီးအကဲနေရာ၌ ထားခြင်း။ ဟူသော အကြောင်းတရား ၄-ပါးကို ပြည့်စုံအောင် လိုက်နာကြရမည်-ဟု ဟောကြားတော်မူခြင်း ဖြစ်ပါသည်။

ရရှိလာပြီးသော ပစ္စည်းဥစ္စာများ ကြာမြင့်စွာတည်ခြင်း အကြောင်းတရား ၄-ပါးကို ပြည့်စုံအောင် လိုက်နာကျင့်ကြံကြသော ပုဂ္ဂိုလ်တို့သည် စီးပွားဥစ္စာ ပျက်စီးခြင်းကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခတို့မှ ကင်းလွတ်ကြရပေသည်။ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြင့် နေထိုင်ကြရပေသည်၊ ယခုဘ၀အတွက် နောင်ဘ၀များအတွက် ဒါန သီလ ဘာဝနာတရားတို့ကို ပြုလုပ်အားထုတ်နိုင်ကြသောကြောင့် နိဗ္ဗာန်ချမ်းသာတိုင်အောင် ချမ်းသာသုခများ ရရှိသွားနိုင်ကြပေသည်။

[သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
  ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်
နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊…


Facebook မှာ Share ထားသော သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်  "စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း" ကို ကြိုက်နှစ်သက်လို့ ကူးယူထားပါသည်။

credit to Honey Lay