မင်္ဂလာပါ

မင်္ဂလာပါ

Sunday 27 January 2013

"စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း"

"စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း"
•••••••••••••••••••••••••••••••••••••••••••••••••
စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏အကြောင်းတို့ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။။

ရဟန်းတို့-

၁။ ပျောက်သွားသော ပစ္စည်းဥစ္စာကို မရှာဖွေခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ရှာဖွေခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ပြုပြင်ခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၃။ အတိုင်းအရှည်မသိ သုံးစွဲစားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
အတိုင်းအရှည်သိကာ သုံးစွဲ စားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၎။ သီလမရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
သီလရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။ ဟု ဟောကြားတော်မူခဲ့ပါသည်။ ( အံ-၁၊ ၅၇၂ )

----------------------*----------------------
★၁။ ခရီးသွားရင်း ပစ္စည်းပျောက်ခဲ့သော် အချိန်မီ ချက်ချင်း ပြန်လည်မရှာဖွေပါက အခြားခရီးသည်များ ကောက်ယူ ရရှိသွားတတ်ပေသည်၊ အချိန်မီ ပြန်ရှာပါက ပြန်လည်ရရှိလာတတ်ပေသည်၊ မိမိတို့အိမ်တွင် အထားမှား၍ ပစ္စည်းပျောက်ရာ၌ အချိန်မီမရှာဖွေဘဲ နေပါက ကြာလေမေ့လေဖြစ်၍ အပြီးတိုင် ပျောက်ဆုံးသွားတတ်ပေသည်။
အိမ်သူအိမ်သားများ အားလုံးကို အသိပေး၍ ရှာဖွေပါက ပြန်လည်ရရှိလာတတ်ပေသည်၊။ အချို့သောသူတို့သည် ပစ္စည်းပျောက် ရှာဖွေရာတွင် မှန်းဆ တွေးသိဉာဏ် အလွန်ပင်ကောင်းကြပေသည်၊ မရနိုင်တော့ပြီဟု ဆုံးဖြတ်ထားသော ပစ္စည်းများကိုပင် ပြန်လည်ရှာဖွေရရှိလာတတ်ကြပေသည်။

★၂။ မိမိတို့အိမ် အစရှိသော အဆောက်အအုံများနှင့် အသုံးအဆောင် ပရိဘောဂများ ဆွေးမြည့် ယိုယွင်းလာသောအခါ အချိန်မီ မပြုပြင်ပါက မဆုံးရှုံးသင့်သော တန်ဖိုးများ ဆုံးရှုံးသွားကြရပေသည်။
အချိန်မီပြုပြင်ပါက အရှည်တည်တံ့ ကောင်းမွန်လာတတ်ကြပေသည်။

ဥပမာ-ကုလားထိုင်,ကုတင်, ထမင်းစားပွဲ စသည်များ၏ ခြေထောက်တချောင်း ယိုယွင်းလာသောအခါ မပြုပြင်ဘဲ ဆက်လက်အသုံးပြုနေပါက ကျန်ခြေထောက်သုံးချောင်းပါ တဖြည်းဖြည်း ယိုယွင်းလာ၍ သုံးလို့မရအောင် ပျက်စီးယိုယွင်း သွားတတ်ကြပေသည်။ ယိုယွင်းလာသော ခြေထောက်တချောင်းကို အချိန်မီ ပြုပြင်လိုက်ပါက ကြာရှည်စွာအသုံးပြု၍ ရလာတတ်ကြပေသည်။
အမြို့မြို့ အနယ်နယ်တို့၌ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ကြရာတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောက်လုပ်ကြပေသည်၊ သို့ပါသော်လည်း အဆောက်အအုံများ ယိုယွင်းလာသောအခါ ပြန်လည်ပြုပြင်ရေး၌ စိတ်အားထက်သန်မှု မရှိကြသဖြင့် မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ကြပေသည်၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရပေသည်၊ သို့ဖြစ်၍ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကိုလည်း အထူးသတိပြုသင့်ကြပေသည်၊ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးကို မြတ်စွာဘုရားက အလွန်နှစ်သက်တော်မူ၍ ချီးမွမ်းတော်မူပါသည်။

★၃။ စားဝတ်နေရေးတို့၌ ၀င်ငွေ ထွက်ငွေ အတိုင်းအရှည်ကို မသိပါဘဲ ကောင်းနိုးရာရာများကိုသာ မှီဝဲ သုံးဆောင်နေခြင်းသည် ၀င်ငွေ ထွက်ငွေ မမျှတသောကြောင့် စီးပွားဥစ္စာများ ကြာရှည်မတည်၊ မကြာမီ ပျက်စီးသွားတတ်ကြပေသည်။

အတိုင်းအရှည်သိကာ မှီဝဲသုံးဆောင်ခြင်းသည် ၀င်ငွေထွက်ငွေ မျှတသောကြောင့် စီးပွားဥစ္စာ ကြာမြင့်စွာတည်နိုင်ကြပေသည်။

အတိုင်းအရှည်သိကာ သုံးဆောင်ဖို့ရာမှာ ရှာဖွေရရှိလာသော ပစ္စညးဥစ္စာများကို ၄-ပုံ ပုံရပါမည်။
၁။ တပုံကို မိဘများ, သားသမီးများ, မိတ်ဆွေသင်္ဂဟများ, အလှူခံများနှင့် ခွဲဝေ သုံးဆောင်ရပါမည်။
၂။ နှစ်ပုံကို အလုပ်အကိုင် အရင်းအနှီးထဲသို့ ပြန်ထည့်သုံးရပါမည်။
၃။ တပုံကို ဘေးရန်အန္တရာယ်များ ကျရောက်လာသောအခါ ကာကွယ်ဖို့ရာ မြှုပ်နှံသိမ်းဆည်းထားကြရပါမည်။

ဤကဲ့သို့ ၄-ပုံ ပုံ၍ ခွဲဝေသုံးဆောင်ခြင်းသည် မြတ်စွာဘုရား တရားတော်အရ အတိုင်းအရှည်သိကာ သုံးဆောင်ခြင်း ဖြစ်သောကြောင့် စီးပွားဥစ္စာ ကြာမြင့်စွာတည်ခြင်း၏ အကြောင်း ဖြစ်ပေသည်။

★၄။ အကြီးအကဲဖြစ်သူသည် သီလပျက်နေသူ ဖြစ်ခဲ့သော် နောက်လိုက်ဖြစ်ကြသော သားသမီးများ, လက်အောက်ငယ်သားများပါ သီလပျက်လာတတ်ကြပေသည်၊ သီလပျက်သူတို့ စုပေါင်းနေထိုင်ကြသော အိုးအိမ်များနှင့် မြို့နယ် ရပ်ရွာ ဌာနအသီးသီးတို့သည် စီးပွားဥစ္စာ ကြာမြင့်စွာမတည်နိုင်သည့်အပြင် လောကဓမ္မ နှစ်ဌာနလုံးတို့၌ ဆုတ်ယုတ်သွားကြမည်သာ ဖြစ်ပေသည်။

အကြီးအကဲဖြစ်သူတို့သည် သီလရှိသူဖြစ်ခဲ့သော် မြစ်တဘက်သို့ ကူးကြကုန်သော နွားအပေါင်းတို့တွင် ရှေ့ဆောင်နွားများက ဖြောင့်ဖြောင့်ကူးသွားသည်ရှိသော် နောက်လိုက်နွားများ ဖြောင့်ဖြောင့်လိုက်ကာ ကူးကြသကဲ့သို့ နောက်လိုက်ဖြစ်ကြသော သားသမီးများ, လက်အောက်ငယ်သားများတို့သည် အတူလိုက်ကာ သီလရှိသူများ ဖြစ်လာတတ်ကြပေသည်၊ သီလရှိသူတို့ စုပေါင်း၍ နေထိုင်ကြသော အိုးအိမ်များနှင့် မြို့နယ်, ရပ်ရွာ, ဌာနအသီးသီးတို့သည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်နိုင်ကြသည့်အပြင် လောကဓမ္မ နှစ်ဌာနလုံး၌ တိုးတက်ကြီးပွား ချမ်းသာကြမည်သာ ဖြစ်ပေသည်။

သို့ဖြစ်၍-
၁။ ပျောက်သည်ကို မရှာခြင်း။
၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်း။
၃။ အတိုင်းအရှည်မသိ စားသုံးခြင်း။
၎။ သီလမရှိသူကို အကြီးအကဲနေရာ၌ ထားခြင်း။ ဟူသော အကြောင်းတရား ၄-ပါးကို ရှောင်ကြဉ်ကြရမည် ဖြစ်ပေသည်။

၁။ ပျောက်သည်ကို ရှာခြင်း။
၂။ ဆွေးမြည့်ယိုယွင်းသည်ကို ပြုပြင်ခြင်း။
၃။ အတိုင်းအရှည်သိကာ သုံးဆောင်ခြင်း။
၎။ သီလရှိသူကို အကြီးအကဲနေရာ၌ ထားခြင်း။ ဟူသော အကြောင်းတရား ၄-ပါးကို ပြည့်စုံအောင် လိုက်နာကြရမည်-ဟု ဟောကြားတော်မူခြင်း ဖြစ်ပါသည်။

ရရှိလာပြီးသော ပစ္စည်းဥစ္စာများ ကြာမြင့်စွာတည်ခြင်း အကြောင်းတရား ၄-ပါးကို ပြည့်စုံအောင် လိုက်နာကျင့်ကြံကြသော ပုဂ္ဂိုလ်တို့သည် စီးပွားဥစ္စာ ပျက်စီးခြင်းကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခတို့မှ ကင်းလွတ်ကြရပေသည်။ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြင့် နေထိုင်ကြရပေသည်၊ ယခုဘ၀အတွက် နောင်ဘ၀များအတွက် ဒါန သီလ ဘာဝနာတရားတို့ကို ပြုလုပ်အားထုတ်နိုင်ကြသောကြောင့် နိဗ္ဗာန်ချမ်းသာတိုင်အောင် ချမ်းသာသုခများ ရရှိသွားနိုင်ကြပေသည်။

[သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
  ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်
နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊…


Facebook မှာ Share ထားသော သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်  "စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း" ကို ကြိုက်နှစ်သက်လို့ ကူးယူထားပါသည်။

credit to Honey Lay